အရှေ့တောင်အာရှမူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ SEA-PLM သည် မူလတန်းအဆင့်နောက်ဆုံးနှစ် (မြန်မာနိုင်ငံတွင် Grade 5) ကျောင်းသားများ၏ အရေး၊ အဖတ်၊ သင်္ချာ၊ ကမ္ဘာသားကောင်းဖြစ်မှုစွမ်းရည်များနှင့် ၎င်းတို့အပေါ် သက်ရောက်နေသော အကြောင်းအခြင်းအရာများကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့် သော ပညာရည်စစ်ဆေးမှုတစ်ခု ဖြစ်ပါသည်။ အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူ တတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ – SEA-PLM ကို SEAMEO Secretariat နှင့် ပညာရေး ဝန်ကြီးဌာနတို့၏ (၁၄-၁၀-၂၀၂၂) ရက်နေ့၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ လက်မှတ် ရေးထိုး ခဲ့သော ချိတ်ဆက်မှုစာလွှာ Letter of Engagement (LoE) အရ ပညာရေးဝန်ကြီးဌာနနှင့် SEAMEO Secretariat တို့ပူးပေါင်း၍ ASEAN Secretariat ၊ SEA-PLM Secretariat တို့၏ ဦးဆောင်မှု၊ UNICEF-EAPRO၊ ASEAN Korea Cooperation Fund (AKCF) တို့၏ ထောက်ပံ့ပေးမှု၊ Korea Educational Development Institute (KEDI) Korea Institute for Curriculum and Evaluation (KICE) Australian Council for Educational Research (ACER)၊ ကက်(ပ်)စတန် (cApStAn) တို့၏ နည်းပညာဆိုင်ရာကူညီပေးမှု၊ National Partner အဖြစ် UNICEF Myanmar ၏ ပံ့ပိုးမှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် SEA-PLM စစ်ဆေးအကဲဖြတ်မှု သုတေသနလုပ်ငန်း ဆောင်ရွက်မှု၏ ဒေသဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနဌာနခွဲမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အတွက် နိုင်ငံအဆင့်ဦးစီးကော်မတီ၊ နိုင်ငံအဆင့်နည်းပညာအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာ စစ်ဆေးရေးစံ (SEA-PLM) အစီအစဉ်ကို SEAMEO Secretariat နှင့် UNICEF East Asia and Pacific Regional Office (EAPRO) တို့က စတင်အသိပေးမိတ်ဆက်ခဲ့ပြီး သင်ယူမှုရလဒ်များအား တိုင်းတာရန်၊ အချက်အလက်များကို အသုံးပြုရန်၊ ဒေသတွင်းရှိ မူဝါဒများ၊ လုပ်ဆောင်မှု များနှင့်ဆက်စပ်၍ အချင်းချင်းနှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်ပါသည်။ အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (SEA-PLM) အစီအစဉ်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goal-SDG) ကို ရရှိရန်အတွက် နိုင်ငံများ၏ ကြိုးစားအားထုတ်မှုတွင် ပါဝင်ဖြည့်ဆည်းရန်လည်း ရည်ရွယ်ထား ပါသည်။ အထူးသဖြင့် အခြေခံပညာရပ်သင်ယူလေ့လာရေး (SDG 4.1.1) နှင့် ကမ္ဘာ့သားကောင်း ဖြစ်မှုဆိုင်ရာ ဗဟုသုတနှင့် ကျွမ်းကျင်မှုများ (SDG 4.7) တို့အပေါ် တိုးတက်မှု ဖြစ်စဉ်အား စောင့်ကြည့်လေ့လာရေး ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
ပထမအကြိမ် SEA-PLM 2019 ဒေသဆိုင်ရာအဆင့် စစ်ဆေးအကဲဖြတ်မှု သုတေသန လုပ်ငန်းကို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ (၆) နိုင်ငံမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် SEA-PLM 2024 ဒေသဆိုင်ရာအဆင့် စစ်ဆေးအကဲဖြတ်မှုတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ (၇) နိုင်ငံမှ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ မူလတန်းအဆင့် နောက်ဆုံးနှစ်ဖြစ်သည့် Grade-5 ကျောင်းသားများအား သင်ယူလေ့လာမှု နယ်ပယ် (၃) ရပ် ဖြစ်သည့် စာဖတ်စွမ်းရည်၊ စာရေးသားမှုစွမ်းရည်နှင့် သင်္ချာစွမ်းရည်တို့ကို စစ်ဆေးခဲ့ပါသည်။ ထို့အပြင် ကမ္ဘာ့သားကောင်းဖြစ်မှုဆိုင်ရာ စစ်တမ်းမေးခွန်းလွှာနှင့် ကလေးများ၏ သင်ယူမှု ရလဒ်အပေါ် လွှမ်းမိုးနေသော အချက်အလက်များကို လေ့လာဆန်းစစ်နိုင်ရန် ကျောင်း၊ ကျောင်းသား၊ ဆရာနှင့် မိဘစစ်တမ်းမေးခွန်းလွှာများကိုလည်း စစ်ဆေးခဲ့ပါ သည်။ SEA-PLM 2024 Main Survey ၏ အချက်အလက်ကောက်ခံမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၃) ခု၊ မြို့နယ် (၁၀၅) မြို့နယ်မှ ရွေးချယ်အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၉၂) ကျောင်းမှ Grade-5 ကျောင်းသား (၅၈၆၅) ဦး၊ ကျောင်းအုပ်ကြီး (၁၉၂) ဦး၊ မိဘ (၅၈၅၀) ဦး၊ ဆရာ (၄၉၄) ဦးကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
“အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ – Southeast Asia Primary Learning Metrics (SEA-PLM)” – 2024 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ ဦးစားပေးကဏ္ဍ-၂ ဖြစ်သည့် “သုတေသနရလဒ် အထောက်အထားနှင့် မူဝါဒကို ချိတ်ဆက်ခြင်း” အား အကောင်အထည်ဖော်နိုင်ရန်အတွက် “နိုင်ငံအဆင့် မဟာဗျူဟာ ရေးဆွဲရေး လုပ်ငန်းဆွေးနွေးပွဲ (Country Level Strategic Workshop)” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းဆွေးနွေးပွဲတွင် SEAMEO Secretariat မှ ကိုယ်စားလှယ် (၄) ဦးက ဦးဆောင်၍ ပညာရေးဝန်ကြီးဌာနရှိ ဆက်စပ်ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ SEA-PLM ဦးစီးကော်မတီ အဖွဲ့ဝင်များ၊ SEA-PLM နည်းပညာအဖွဲ့ဝင်များ စုစုပေါင်း (၃၃) ဦး တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။
Southeast Asia Primary Learning Metrics (SEA-PLM) ၏ “နိုင်ငံအဆင့် မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းဆွေးနွေးပွဲ” (၁၅-၇-၂၀၂၅) ရက်နေ့မှ (၁၆-၇-၂၀၂၅) ရက်နေ့ထိ
ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာ မှ အဖွင့်အမှာစကားပြောကြားခြင်း (၁၅-၇-၂၀၂၅)
SEA-PLM Regional Secretariat၊ Deputy Director၊ Mr. John Arnold S. Siena မှ SEA-PLM စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ လက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းများနှင့် ပြီးမြောက်အောင်မြင်ခဲ့မှုများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း (၁၅-၇-၂၀၂၅)
ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းမှ မြန်မာနိုင်ငံပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုအစီအစဉ်၏ တိုးတက်မှုအခြေအနေကို ဆွေးနွေးပြောကြားခြင်း (၁၅-၇-၂၀၂၅)
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက် (SEA-PLM National Project Manager) မှ နိုင်ငံအဆင့်လုပ်ငန်းအစီအစဉ်ကို တင်ပြခြင်း (၁၅-၇-၂၀၂၅)
SEA-PLM ၏ “Country-Level Strategic Workshop” သို့ တက်ရောက်လာသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း (၁၅-၇-၂၀၂၅)
လုပ်ငန်းဆွေးနွေးပွဲတက်ရောက်လာသူများမှ နိုင်ငံအဆင့်လုပ်ငန်းအစီအစဉ်နှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခြင်း (၁၆-၇-၂၀၂၅)
နိုင်ငံအဆင့်နည်းပညာအဖွဲ့ (National Technical Team) နှင့် SEA-PLM Regional Secretariat မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း (16-7-2025)