derpt.gov.mm

Department of Education Research, Planning and Training

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဖြစ်ပေါ်လာခြင်း

၁။      ၁၈၆၆ ခုနှစ်တွင် ဗြိတိသျှအစိုးရက အောက်မြန်မာပြည်၌ပညာရေးဌာန(General Education) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။

၂။       ၁၉၆၆ ခုနှစ်တွင် အထွေထွေပညာရေး မှ ကျောင်းသင်ပညာရေးကို စတင်ဖော်ဆောင်ခဲ့ပြီး အခြေခံပညာရေး (Basic Education) အမည်အဖြစ်ပြောင်းလဲခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံပညာညွှန်ကြားရေးဝန်ရုံး (Directorate of Education) ကို အခြေခံပညာဦးစီး ဌာန (Basic Education Department) အဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့ပါသည်။

၃။      ၁၉၉၈ ခုနှစ်တွင် အခြေခံပညာဦးစီးဌာနကို အမှတ်(၁)အခြေခံပညာဦးစီးဌာန၊ အမှတ်(၂) အခြေခံပညာဦးစီးဌာန၊ အမှတ်(၃)အခြေခံပညာဦးစီးဌာနနှင့် ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန အစရှိသည့် ဦးစီးဌာန(၄)ခုအဖြစ် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၄။     ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာ လေ့ကျင့်သင်ကြားပေးခြင်း၊ အခြေခံပညာ သင်ရိုး ညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ စိစစ်ပြုပြင်မွမ်းမံခြင်း၊ ဆရာလက်စွဲနှင့်ကျောင်းသားကိုင် ပြဌာန်းစာအုပ်များကို ရိုက်နှိပ်ခြင်း၊ အခြေခံပညာကဏ္ဍ နှစ်တို၊ နှစ်ရှည်စီမံကိန်းများနှင့် သက်ဆိုင်သည့် စီမံကိန်းအစီအစဉ် ပြုစုတင်ပြခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံပညာရေး စာရင်းအင်းနှင့်အချက်အလက်ဆိုင်ရာ အစီရင်ခံစာပြုစုခြင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအကောင်အထည်ဖော်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၅။      ၁၉၉၈ ခုနှစ်မှ စ၍ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးဘိုဝင်းက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် အငြိမ်းစားယူခဲ့ပါသည်။

၆။      ဦးဘိုဝင်းအငြိမ်းစားယူပြီးနောက် ဦးကိုကိုတင် မှ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနကို လူ့စွမ်းအား အရင်းအမြစ်နှင့် ပညာရေးစီမံကိန်းဦးစီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၇။      ၂၀၁၅ ခုနှစ်တွင် ဦးကိုကိုတင်သည် အခြားဝန်ကြီးဌာနတစ်ခုသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့ပါသဖြင့် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဒေါက်တာဝင်းထွန်းမှ တာဝန်ယူ ဆောင်ရွက် ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနနှင့် ပေါင်းစပ်ပြီး ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနအဖြစ် ထပ်မံပြင်ဆင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

၈။      ၂၀၂၂ ခုနှစ်တွင် ဒေါက်တာဝင်းထွန်းသည် အဆင့်မြင့်ပညာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ပါသဖြင့် ၁၉-၁-၂၀၂၂ရက်နေ့မှစ၍ ဒေါက်တာသန်းသန်းမြင့်မှညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၅-၇-၂၀၂၅ ရက်နေ့တွင် အငြိမ်းစားယူပြီး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှစ၍ ဒေါက်တာခင်သီတာ မှ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

၉။      ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနတွင်အောက်ပါဌာနခွဲ(၈)ခုဖြင့်လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက်ရှိပါသည်-

          (က)    သုတေသနဌာနခွဲ

          (ခ)     နိုင်ငံတကာဆက်ဆံရေးနှင့်ပညာသင်ရေးရာဌာနခွဲ

          (ဂ)     စီမံကိန်းဌာနခွဲ

          (ဃ)    စာရင်အင်းနှင့်သတင်းအချက်အလက်ဌာနခွဲ

          (င)     လေ့ကျင့်ရေးဌာနခွဲ

          (စ)     သင်ရိုးညွှန်းတမ်းဗဟိုအဖွဲ့

          (ဆ)    ဘဏ္ဍာဌာနခွဲ

          (ဇ)     စီမံဌာနခွဲ တို့ဖြစ်ပါသည်။

၁၀။   ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို သီးခြား (Vision, Mission) ဖြင့် ဖော်ပြအပ်ပါသည်။